9 Score

iPhone 8 Plus Review

Price List

  • {{ pricelist.name }}
    {{ pricelist.ram }}
    {{ pricelist.price }}
  • iPhone 8 Plus's Key Features

    SIZE 5.50in 1080x1920
    CAMERA 12MP Front 7MP
    CPU 2.00GHz Hexa-core
    RAM 3GB up to 256GB Storage
    iOS 11 iOS
    BATTERY 2691mAh Li-Ion

    ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းမှာ iPhone 8 ၊ iPhone 8 Plus နှင့် iPhone X တို့ကို မိတ်ဆက်ခဲ့ပါတယ်။ ယင်းမိတ်ဆက်ပွဲမှာ လူစိတ်ဝင်စားမှုအများဆုံးက iPhone X ဖြစ်ခဲ့ပြီး iPhone 8 နှင့် iPhone 8 Plus တို့အပေါ် လူတွေ ဒီလောက်အထိ စိတ်ဝင်စားမှုမရှိခဲ့ကြပါဘူး။ ဒါပေမယ့် iPhone X က ဈေးနှုန်းအလွန်မြင့်မားတာ ကြောင့် လူတိုင်းအနားကပ်နိုင်တဲ့အခြေအနေမှာ မရှိပါဘူး။ အခြားတစ်ဖက်မှာ ဈေးနှုန်းက မြင့်မားလွန်းခြင်း မရှိတဲ့အပြင် လျှင်မြန်ပြီး စွမ်းအင်ပေးမှုမြင့်မားတဲ့ Chipset ၊ Portrait Lighting ကင်မရာစနစ်သစ် နှင့် ကြိုးမဲ့အားသွင်းစနစ်တို့ ပါဝင်တဲ့ iPhone 8 Plus ကလည်း စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဖုန်းကောင်းတစ်လုံး ဖြစ်နေပါတယ်။

    ကင်မရာမှာလည်း Augmented Reality ပါဝင်ပါတယ်။ ဒါ့အပြင် မျက်နှာပြင် ၅.၅ လက်မကို Retina HD ရုပ်ထွက်နှင့် ထောက်ပံ့ထားတာကြောင့် ဗီဒီယိုကြည့်တဲ့အခါမှာရော ဂိမ်းကစားတဲ့အခါမှာပါ အင်မတန် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ရုပ်ထွက်ကို ခံစားရပါမယ်။

    ဒါ့အပြင် iPhone X လိုတော့ မျက်နှာပြင်အပြည့် ရုပ်ထွက်နှင့် ဖုန်းကို မျက်နှာစကင်ဖတ်ပြီး ဖွင့်နိုင်မယ့် TrueDepth ကင်မရာစနစ်တော့ မပါဝင်ပါဘူး။  ယင်းကင်မရာစနစ်က Animojis ဖန်တီးနိုင်အောင်လည်း ထောက်ပံ့ပေးပါတယ်။

    iPhone 8 Plus ကလည်း iPhone X လိုပဲ မှန်၊ အလူမီနီယမ်တို့နှင့် တည်ဆောက်ထားတဲ့ဖုန်းဖြစ်တာကြောင့် iPhone X လိုပဲ တည်ဆောက်မှုပိုင်း ဒီဇိုင်းပိုင်း အလွန်ကောင်းမွန်ကာ လှပနေပါတယ်။ ဒါ့အပြင် ဈေးနှုန်းကလည်း ပိုမိုသက်သာနေတာကြောင့် ဘာကြောင့် iPhone 8 Plus က ရွေးချယ်သင့်တဲ့ဖုန်းတစ်လုံး ဖြစ်နေသလဲဆိုတာ ရေးသား တင်ပြသွားပါမယ်။

    Apple ဟာ iPhone 8 Plus မှာ ငါးနှစ်တိုင်တိုင် အသုံးပြုလာခဲ့တဲ့ အလူမီနီယမ်ဒီဇိုင်းကို ဖြုတ်ပြီး ကိုယ်ထည်တစ်ခုလုံးနီးပါး မှန်ဒီဇိုင်းကို အသုံးပြုထားပါတယ်။

    တကယ်တော့ ကိုယ်ထည်တစ်ခုလုံး မှန်သုံးပြီး တည်ဆောက်လာတာ Apple တို့အတွက် ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ Apple ဟာ iPhone 4 ၊ iPhone 4s တို့မှာလည်း ကျောဘက်မှာ မှန်ကို အသုံးပြုထားပါတယ်။ ကျောဘက်မှာ မှန်သုံးထားလို့ မတော်တဆပြုတ်ကျပြီး ကွဲသွားမှာ စိုးရိမ်တဲ့သူတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဖုန်းတော်တော်များများကလည်း ပြုတ်ကျကွဲပြီး ပျက်စီးရတာ များပါတယ်။

    ဒါပေမယ့် Apple က iPhone 8 Plus မှာ စမတ်ဖုန်းသမိုင်းမှာ အမာကြောဆုံး မှန်ကို အသုံးပြုပြီး တည်ဆောက်ထားတာဖြစ်ကြောင်း ပြောကြားထားပါတယ်။ ဒါ့အပြင် အလူမီနီယမ်ဘောင်ကို သုံးထားမှုက မှန်ကို အလွယ်တကူ မကွဲအောင် ကာကွယ်ပေးပါဦးမယ်။

    Apple က သူတို့ရဲ့မှန် ဘယ်လောက်အထိ မာကျောတယ်ဆိုတာကို အချိန်က စကားပြောလိမ့်မယ်လို့ဆိုထားပေမယ့် ထောင့်ကွေးတွေမှာ အလူမီနီယမ်ကို အသုံးပြုထားတာကြောင့် အလွယ်တကူ မကွဲနိုင်ပါဘူး။ youtube မှာ တက်နေတဲ့ iPhone 8 Plus မာကြောမှုကို စမ်းသပ်တဲ့ ဗီဒီယို ဖိုင်တွေမှာလည်း ဖုန်းကတော်တော်လေး အကြမ်းခံတာ တွေ့ရပါတယ်။

    iPhone 8 Plus ကို ခဲရောင်၊ ငွေရောင်၊ ရွှေရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ ရွှေရောင်ဆိုပေမယ့် ပန်းရောင်ဘက်သို့ အနည်းငယ်ပါပါတယ်။ ပြောရမယ်ဆိုရင် နှင်းဆီရွှေရောင်နှင့် ရွှေရောင်အကြား အရောင်လို့ ပြောလို့ရပါတယ်။

    မှန်က မာကြောတယ်လို့ Apple က အာမခံထားပေမယ့် အသုံးပြုသူအနေနဲ့ ကာဗာသုံးပြီး အကာအကွယ်ယူထားတာ စိတ်အချရဆုံးဖြစ်ပါလိမ့်မယ်။

    iPhone 8 Plus က lP67 ရရှိထားတာကြောင့် ရေပက်ဖျန်းမှုဒဏ်ခံနိုင်ပါတယ်၊ ရေစိမ်ခံနိုင်ပါတယ်၊ ဖုန်ဒဏ်ခံနိုင်ပါတယ်။ ရေအောက် ၁ မီတာမှာ မိနစ် ၃၀ ကြာ အစိမ်ခံနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် သင့်အနေနဲ့ မတော်တဆ ဖုန်းရေစိုမှာ စိုးရိမ်စရာမရှိပါဘူး။ မိုးရာသီမှာပဲဖြစ်ဖြစ်၊ သင်္ကြန်ကာလတွင်းမှာပဲဖြစ်ဖြစ် ဖုန်းကို စိတ်ချလက်ချ အသုံပြုနိုင်ပါမယ်။

    iPhone 8 Plus ရဲ့ ကျောဘက်မှာ မှန်အသုံးပြုထားပြီး တည်ဆောက်ထားမှုကြောင့် ကြီးမားတဲ့အကျိုးကျေးဇူး တစ်ခု ရှိလာပါတယ်။ ကြိုးမဲ့အားသွင်းနိုင်လာတာ ဖြစ်ပါတယ်။

    စိတ်ပျက်ရတာက Apple ဟာ ကြိုးမဲ့အားသွင်းခုံကို Box အတွင်းမှာ တစ်ပါတည်း မထည့်သွင်းထားမှု ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကြိုးမဲ့အားသွင်းချင်တယ်ဆိုရင်တော့ ကြိုးမဲ့အားသွင်းခုံဝယ်ယူရပါမယ်။

    Apple ဟာလည်း ကိုယ်ပိုင် ကြိုးမဲ့အားသွင်းခုံထုတ်လုပ်ဖို့ ကြိုးစားနေပြီး AirPower လို့ အမည်ပေးထားပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရောင်းချပါမယ်။  ပစ္စည်းသုံးမျိုးကို တစ်ပြိုင်နက်တည်း ကြိုးမဲ့အားသွင်းနိုင်ပါမယ်။

    လက်ရှိအချိန်မှာ အခြား တတိယကုမ္ပဏီထုတ် ကြိုးမဲ့အားသွင်းခုံကို ၀ယ်ယူပြီး အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုရှိကာ ကြိုးမဲ့အားသွင်းစနစ်ကို အသုံးပြုပြီး အားသွင်းရင်လည်း သင့်အနေနဲ့ အချိန်ချွေတာနိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ Apple ဟာ လာမယ့် iOS update သစ်မှာ ကြိုးမဲ့အားသွင်းရာမှာ ပိုပြီး လျှင်မြန်လာ အောင် လုပ်ဆောင်ပေးသွားမယ်လို့ ယုံကြည်ရပါတယ်။

    ဘာပဲဖြစ်ဖြစ် တစ်ချို့ဆိုင်တွေ၊ ကော်ဖီဆိုင်တွေမှာ ကြိုးမဲ့အားသွင်းစနစ်တွေ တပ်ဆင်ပေးနေပြီဖြစ်တာကြောင့် ကြိုးမဲ့အားသွင်းစနစ် အသုံးဝင်တဲ့အချက်တစ်ခုလို့ ပြောမယ်ဆို ပြောလို့ရပါတယ်။

    iPhone 8 Plus က iPhone 7 Plus လိုပဲ မျက်နှာပြင် ၅.၅ လက်မဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ထွက်ပိုင်းမှာ များစွာကွာခြားသွားပါတယ်။

    iPhone 8 Plus မှာ Retina HD ရုပ်ထွက် အသုံးပြုထားပါတယ်။ 1920×1080 p (သို့မဟုတ်) 401 pixels per inch Resolution သုံးထားပါတယ်။ အရောင်ပေးနိုင်မှု အလွန်ကောင်းမွန်တဲ့ စိတ်လှုပ်ရှားဖို့ ကောင်းလောက် အောင် တိကျပါတယ်။

    ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့နည်းပညာတစ်ခုလည်း ထည့်သွင်းထားပါသေးတယ်။ True Tone Technology ရုပ်ထွက်သုံးထားပါတယ်။ သင့်ပတ်ဝန်းကျင်အလင်းအပေါ်မူတည်ပြီး ဆင်ဆာက အလိုအလျှောက် သင့်တော်တဲ့အရောင်တွေ ထုတ်လွှင့်ပေးမယ့် နည်းပညာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဆင်ဆာက ဖုန်းရုပ်ထွက်ကို အပြောင်းအလဲတွေ လုပ်ပေးသွားတာကို သင် သတိတောင် ထားမိမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သင့် ဖုန်းအသုံးပြုနေချိန်မှာ ကောင်းမွန်ပြီး သက်တောင့်ရှိစေမှာတော့ သေချာနေပါလိမ့်မယ်။

    iPhone 7 Plus လိုပဲ iPhone 8 Plus မှာလည်း ကျောဘက်ကင်မရာနှစ်ခု ပါဝင်ပါတယ်။ 12MP+12MP ဖြစ်ပါတယ်။ တစ်ခုက Telephoto ဖြစ်ပြီး နောက်တစ်ခုက မြင်ကွင်းကျယ် ရိုက်ကူးဖို့ ဖြစ်ပါတယ်။ မြင်ကွင်းကျယ် ကင်မရာမှာ Optical Image Stabilisation ပါဝင်ပြီး ကျန်တစ်ခုမှာ Optical Zoom ပါဝင်ပါတယ်။  

    iPhone 7 Plus နှင့် iPhone 8 Plus တို့ရဲ့ ကင်မရာအကြားမှာ ကြီးမားတဲ့ ကွာခြားချက် မရှိပါဘူး။ Apple ဟာ iPhone 8 Plus ကင်မရာကို ပိုကောင်းအောင် လုပ်ဆောင်ထားတာတော့ အမှန်ပါပဲ။ အထူးသဖြင့် အလင်းရောင် အားနည်းချိန်မှာ ဓာတ်ပုံကောင်းတွေ ရရှိအောင် လုပ်ဆောင်ပေးထားပါတယ်။ ဆင်ဆာကလည်း အလွန်လျှင်မြန်ပြီး ကြီးမားတာကြောင့် ဗီဒီယိုနှင့် ဓာတ်ပုံကောင်းတွေ ရိုက်ကူးနိုင်ပါမယ်။

    အားလုံးလည်း သိထားပြီးဖြစ်တဲ့အတိုင်း iPhone 8 Plus ကင်မရာမှာ Portrait Lighting စနစ်ပါဝင်ပါတယ်။ Studio Light ၊ Contour Light ၊ Stage Light စသဖြင့် လှပတဲ့အလင်းရောင်တွေ ထည့်သွင်းနိုင်တာကြောင့် သင် ရိုက်ကူးတဲ့ လူပုံဓာတ်ပုံတွေက အရမ်းကို လှပပြီး ဆွဲဆောင်မှု အပြည့်ရှိနေပါမယ်။

    iPhone 8 Plus ရဲ့ Portrait Mode ကင်မရာက iPhone 7 Plus ရဲ့ စနစ်ထက် ပိုမိုအသေးစိတ်နိုင်ပြီး နောက်ခံ ၀ါးနေမှုကလည်း ပိုပြီးတော့ သဘာဝကျလာတယ်လို့ ကျွမ်းကျင်သူတွေက ချီးကျူးနေကြပါတယ်။

    ရှေ့ကင်မရာက 7MP ဖြစ်ပါတယ်။ Selfie ချစ်သူများအတွက် ကျေနပ်မှုအပြည့်ရရှိစေမယ့် ကင်မရာဖြစ်ပါတယ်။

    iPhone 8 Plus မှာ iOS 11 တစ်ပါတည်း ထည့်သွင်းထားပြီး ဖြစ်ပါတယ်။ iOS 11 မှာ စနစ်သစ်တွေ အမြောက်အမြားပါဝင်လာပါတယ်။ ရှော့ပင်းစင်တာ၊ လေဆိပ်များရဲ့ အတွင်းပိုင်း မြေပုံ၊ Live Photo စနစ်နှင့် Do Not Disturb While Driving စနစ်တို့ ပါဝင်ပါတယ်။

    iOS 11 က iPhone ဟောင်းတွေမှာ အနည်းငယ်လေးသလို ခံစားရပေမယ့် iPhone 8 Plus မှာတော့ တော်တော်လေးညက်ညောပြီး မြန်ဆန်တာ တွေ့ရပါတယ်။ ဒါကလည်း ဒီဖုန်းမှာ အသုံးပြုထားတဲ့ A11 Bionic Chipset သစ်ကြောင့်ဆိုရင်လည်း မမှားပါဘူး။

    ဒါ့အပြင် iCloud Drive နှင့် Google Drive တို့မှာ ဖိုင်များကို စီမံခန့်ခွဲမှုပြုလုပ်နိုင်မယ့် Files App သစ်လည်း ပါဝင်ပါသေးတယ်။ One-Handed Mode လည်း ပါဝင်သေးတယ်။ ဒီစနစ်က ဘတ်စ်ကားပေါ်သို့ ရောက်နေချိန်မှာ အင်မတန်အသုံးတည့်မယ့် စနစ်တစ်ခု ဖြစ်ပါတယ်။

    iPhone 8 ၊ iPhone 8 Plus နှင့် iPhone X သုံးမျိုးလုံးကို A11 Bionic နှင့် ပါဝါထောက်ပံ့ထားပါတယ်။ A11 Bionic က ဖုန်းရဲ့အတွင်းပိုင်းတစ်ခုကို ထိန်းချုပ်လုပ်ဆောင်ပေးနိုင်ပြီး Qualcomm Snapdragon 835 ထက် များစွာ သာလွန်ပါတယ်။ RAM3GB ပါဝင်ပြီး ROM64GB နှင့် 256GB တို့ကို ရွေးချယ်နိုင်ပါတယ်။ AR ဂိမ်းများ ကစားနိုင်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။

    Apple ဟာ iPhone 8 Plus မှာ စပီကာများကိုလည်း ပိုကောင်းအောင် လုပ်ဆောင်လာတာ တွေ့ရပါတယ်။ iPhone 8 Plus က လက်ရှိဈေးကွက်အတွင်းမှာရှိတဲ့ စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးစပီကာပါ ဖုန်းစာရင်း ၀င်တစ်ခု ဖြစ်ပါတယ်။ အသံက ကျယ်လောင်ပြီး ရှင်းလင်းပြတ်သားတဲ့အပြင် Bass ပေးနိုင်စွမ်း မြင့်မားပါတယ်။ သင့်အနေနဲ့ Bluetooth စပီကာမသုံးဘဲ ဖွင့်မယ်ဆိုရင်တောင် ကောင်းမွန်တဲ့ ဂီတကို ခံစားနားဆင်နိုင်ပါမယ်။

    Apple ဟာ ဘက်ထရီနှင့်ပတ်သက်ပြီး Apple အသုံးပြုသူများကို ယခုတိုင် ကျေနပ်အောင် မလုပ်ဆောင်ပေးနိုင်သေးပါဘူး။ iPhone 8 Plus မှာ ဘက်ထရီ 2691 mAh ပါဝင်ပါတယ်။  ပြီးခဲ့တဲ့နှစ် iPhone 7 Plus ထက် ဘက်ထရီပမာဏ ပိုနည်းလာပါတယ်။ ဒါပေမယ့် Apple က A11 Bionic ကြောင့် ဘက်ထရီ သုံးစွဲမှု အလွန်နည်းပါးလာမယ်လို့ ဆိုထားပါတယ်။ ဘာပဲဖြစ်ဖြစ် သင့်အနေနဲ့ ပုံမှန်အသုံးပြုမယ်ဆိုရင်တောင် ဒီပမာဏက တစ်နေ့တာကို ကျော်ဖြတ်ဖို့ လုံလောက်တဲ့ ပမာဏမဟုတ်တာ သေချာပါတယ်။ iPhone 8 Plus မှာ ကြိုးမဲ့အားသွင်းနိုင်လာတာကတော့ ကျေနပ်စရာအချက်တစ်ခု ဖြစ်ပါတယ်။ iPhone 8 Plus ကို အားအပြည့်သွင်းဖို့အတွက် အချိန် ၂ နာရီကျော်ယူရပါတယ်။

    8.50
    9.00
    9.00
    9.50
    9.50
    8.50
    Strength 
    ကင်မရာပိုင်း အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ စပီကာအရည်အသွေးကောင်းမွန်သလို ရုပ်ထွက်ပိုင်းကလည်း အရမ်းကို ကောင်းမွန်ပါတယ်။
    Weakness 
    အရမ်းလေးပါတယ်။ ဒီဇိုင်းက ရိုးရှင်းလွန်းပါတယ်။ ကျောဘက်ဒုတိယကင်မရာအတွက် OlS စနစ်မထည့်သွင်းပေးထားပါဘူး။